ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သော ချင်းပြည်နယ်မှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ဟားခါး ဇူလိုင် ၅

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှိ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ချင်းပြည်နယ်မှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါး (အခြေချ) စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံး ညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုဖြစ်သည့်အပြင် အားကစားဟာ နိုင်ငံသူ နိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုထက်သန်စေနိုင်ခဲ့ကြောင်း၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ချင်းပြည်နယ် (၉)မြို့နယ်ရှိသည့် အနက် (၅) မြို့နယ်မှ  နည်းပြ (၁) ဦး၊ ဒိုင် (၁ ) ဦး၊ ကစားသမား (၃) ဦး စုစုပေါင်း (၅) ဦးမှ အားကစားနည်း (၄) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အားကစားနည်း (၂) မျိုးဖြစ်သည့် ဗိုဗီနမ် အားကစားနည်းနှင့် KURESH (ကူရတ်) အားကစားနည်းတို့မှ ရွှေတံဆိပ်ဆု ရရှိနိုင်သည့်အတွက်  အနိုင်မခံ အရှုံးမပေး စိတ်နှင့် ရိုးရိုးသားသား ကြိုးစားပြိုင်ပွဲဝင်ခဲ့ကြပြီး နိုင်ငံနှင့် ပြည်နယ်ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့် လက်ရွေးစင် အားကစားသမားများနှင့် နည်းပြများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ချင်းပြည်နယ်နှင့် နိုင်ငံကိုယ်စားပြုအဆင့်မှ အရှေ့တောင် အာရှ၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်များဖြစ်အောင် ဆက်လက်ကြိုးပမ်းပြီး နိုင်ငံတကာတွင် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် ဒီထက်မက မြှင့်တင်ပေးနိုင်ပါစေကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်မှု အခြေအနေ၊ ဆုရရှိမှုအခြေအနေနှင့် ပြည်နယ်ကိုယ်စားပြု အားကစား သမား၊ နည်းပြနှင့် ဒိုင်များကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဗိုဗီနမ်ကစားသမား မောင်အိုက်စိုးလင်းအတွက် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ကို ပြည်နယ် ဝန်ကြီးချုပ်က လည်းကောင်း၊ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဗိုဗီနမ်ကစားသမား မောင်မနားကွီး အတွက် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က လည်းကောင်း၊ KURESH (ကူရတ်) ရွှေတံဆိပ်ရရှိအောင် သင်ကြားပေးသည့် နည်းပြ ဦးကပ် ကျင်းပေါင်အတွက် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ကို လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် ကလည်းကောင်း ပေးအပ်ချီးမြှင့်ရာ ရွှေတံဆိပ်ဆုရှင် ကစားသမားများနှင့် နည်းပြကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြပြီး နည်းပြ ဦးကပ်ကျင်းပေါင် ကိုယ်စား တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုပ်သိမ်းကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)