ဓနုဖြူ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက မိမိတို့ဌာနဆိုင်ရာများ အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)ပါ ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများလိုက်နာရမည့် ကျင့်ဝတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အထွေထွေရွေးကောက် ပွဲကျင်းပရာတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်- အပိုင်း(၁)ပါ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များအား ရှင်းလင်းဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက သိလို သည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)