အုတ်တွင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာ‌ပေး အစီအစဉ် ဆောင်ရွက်

အုတ်တွင်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ကလေးသူငယ် အခွင့်အရေးကို ကိုယ်တိုင် သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က ​ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်​ ခေါင်းစဉ်ဖြင့်လည်း‌​ကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးအစီအစဉ်သို့ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လက်ကမ်းစာစောင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ