မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တင်ဒါ‌အောင်ကုမ္ပဏီများ တွေ့ဆုံဆွေးနွေး

အထက်မင်းလှ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တင်ဒါအောင်ကုမ္ပဏီများ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်က မြို့နယ်အတွင်းရှိ ကျေးလက်လမ်းများအား ကျောက်ချောလမ်းခင်းခြင်းနှင့် မြေနီလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များကလည်း လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်းက ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးအလေးထား ဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာလှိုင်သန်းက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရွာတော်-မင်းဘူး-မင်းလှလမ်းအား ကျောက်ချောလမ်းခင်းခြင်း၊ သရက်အုပ်-လက်ပံတံခါး-ပုသိမ်-မုံရွာလမ်းနှင့် ဈေးကြီး-ပုသိမ်-မုံရွာလမ်းတို့အား မြေသားဘောင်ချဲ့၍ မြေနီ လမ်းခင်းခြင်း၊ မီးလောင်ကုန်း-ရေယာဉ်ကျေးရွာချင်းဆက်လမ်းအား မြေသားဘောင်ချဲ့၍ မြေနီ လမ်းခင်းခြင်းလုပ်ငန်းတို့ မြတ်နန်းစံကုမ္ပဏီမှ ပထမအကြိမ်တင်ဒါအောင်မြင်ပြီး လမ်းခင်းခြင်းလုပ်ငန်းများကို တာဝန်ခံဆောင်ရွက်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆင်မတောင် - ညောင်ဝိုင်း - သရက် - မင်းလှလမ်းအား  ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကြည်စစ်လင်းကုမ္ပဏီမှ ပထမအကြိမ်တင်ဒါအောင်မြင်ပြီး လမ်းခြင်းလုပ်ငန်းများအား တာဝန်ခံဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များမှလည်း လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ခံများက ကျေးရွာလမ်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာကျေးရွာကော်မတီ အဖွဲ့ဝင်များမှလည်း ကျေးရွာလမ်းခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)