မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရန် ပျိုးထောင်ခြင်းလုပ်ငန်းများဆောင်ရွက်

မင်းဘူး ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးများစိုက်ပျိုးနိုင်ရန် ပျိုးထောင်ခြင်း၊ လယ်ယာမြေပြုပြင်ခြင်းနှင့် ထယ်ရေးခံ ထွန်ယက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“မိုးစပါးစိုက်ပျိုးဖို့ အိုင်းမဆည်ရေက ဇွန်လ ၁၅ ရက်နေ့ကနေ စတင်လွှတ်ပေးခဲ့ပြီးတော့ မိုးစပါးမစိုက်ခင် နွေနှမ်းကို စိုက်ပျိုးခဲ့ကြတာ။ အခုဆိုရင် နွေနှမ်းက သိမ်းဆည်းပြီးသွားတော့ ပျိုးထောင်ဖို့ ထယ်ရေးခံ ထွန်ယက်ခြင်းလုပ်ငန်းတွေ စတင်ဆောင်ရွက်နေတာပါ။ မနောသုခနဲ့ ဧရာမင်းက စပါးဈေးကွက်မှာ ပိုပြီးအရောင်းအဝယ်ကောင်းတော့ ဒီဒေသက မနောသုခနဲ့ ဧရာမင်း စပါးမျိုးကို အများဆုံးစိုက်ပျိုးတယ်။ ဒါ့အပြင် ဆင်းသုခ၊ ရတနာတိုး၊ လုံးသွယ်မွှေးနဲ့ ကောက်ညှင်း စပါးမျိုး စိုက်တဲ့သူတွေလည်းရှိပါတယ်” ဟု တောင်မန်းကျေးရွာမှ စပါးစိုက်တောင်သူ ဦးဝင်းမြင့်က ပြောသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ယခုလက်ရှိ မိုးစပါးများစိုက်ပျိုးကြရန် ပြင်ဆင် ဆောင်ရွက်နေပြီး အချို့တောင်သူများက မိုးကောင်းသောက်ယာမြေများတွင် ကြဲပက်စနစ်၊ မျိုးစေ့ချ ကိရိယာ (Drum Seeder)နဲ့ စတင်စိုက်ပျိုးဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆည်ရေသောက် ဧရိယာနှင့် လျှပ်စစ်မြစ်ရေတင် ဧရိယာများတွင် မိုးစပါးကို ပျိုးထောင်ပြီး ကောက်ကွက်၊ ကောက်တန်း စိုက်ပျိုးနည်း စနစ်များဖြင့် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် အိုင်းမဆည်နှင့် မဲဇလီဆည်ရေသောက် ဧရိယာတွင် ၃၄၃၆၆ ဧက၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ကမ်းနီး၊ ကျောက်စံနှင့် အောင်ပင်လယ် ဧရိယာ အတွင်း ၇၀၇ ဧက၊ မြေအောက်ရေလုပ်ငန်းဖြင့် ၄၀၅၂ ဧက၊ ရေစုပ်စက်ဖြင့် ၁၇၀ ဧက၊ ဆည်ငယ်/ ကန်ငယ် ဧရိယာအတွင်း ၃၈၈ ဧကနှင့် မိုးကောင်းသောက် ဧရိယာအတွင်း ၇၅၅ ဧက ဖြင့် မိုးစပါးကို စုစုပေါင်း ၄၀၄၃၈ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)