ရွှေကျင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရွှေကျင် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုပြီး ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ(၁၄၇)ဦးတို့အား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရှမ်းကြေးရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် အ-ထ-က(တပ်နယ်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆို ဖွင့်လှစ်ပေးကာ ရွှေကျင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးညွန့်ဝေက ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပပေး ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ထူးချွန်စွာအောင်မြင်ခဲ့သည့် (၅)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး အပါအဝင်၊ (၃) ဘာသာ(၂၁) ဦး၊ (၂)ဘာသာ (၂၈)ဦး၊  (၁) ဘာသာ (၉၇) ဦးစုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား/သူ (၁၄၇)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း၍ ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြသည်။ ယခုလို ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးမှုအတွက် ဆုရရှိသူများ၏ကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မညိမ်းဆုနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

ဆုပေးပွဲအခမ်းအနားသို့ ဂုဏ်ထူးရကျောင်းသား/သူများ၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ စေတနာရှင်အလှူရှင်များ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်​ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)