မင်းလှမြို့နယ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အထက်မင်းလှ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့တွင် သာသနာ့ဗိမ္မာန်၌ မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ရာ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစန်းအောင်က အလှူငွေရရှိသည့်အခြေအနေများနှင့် ဆရာ‌တော်သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည့် အစီအမံများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)