ရေဖြူ ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပြည်တွင်းသဘာဝဓာတ်ငွေ့မှ လျပ်စစ်ဓာတ်အားပေးရေးစီမံကိန်း(DG2P)က ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအတွက် လူထုတွေ့ဆုံပွဲကို ရေဖြူမြို့အောင်သာဝတီခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိ ဦးမြင့်သန်းဦးက ရေဖြူမြို့နယ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ DGT ကုမ္ပဏီတာဝန်ခံအရာရှိ ဦးနေဆန်းလင်းနှင့် ဒေါ်ခင်ဥမ္မာထွေးတို့က စီမံကိန်းအကြောင်းအရာများ၊ EIA၊ IEE လေ့လာခြင်းအတွက် ခြုံငုံသုံးသပ်ချက်၊ လူထုတွေ့ဆုံပွဲလုပ်ငန်းစဉ်များ၊ စီမံကိန်းအချိန်ဇယားများနှင့် ပတ်သက်၍ ရှင်းလင်းပေးခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌန တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်မင်းထွန်းက လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းလုပ်ငန်းတစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းမည့်အခြေအနေကို မေးခွန်းများ အပြန်အလှန်မေးမြန်းခြင်း၊ တက်ရောက်လာသော သစ်တော၊ လယ်ယာမြေနှင့်စာရင်းအင်း၊ ငါးလုပ်ငန်း စသည့် ဦးစီးဌာနတာဝန်ရှိသူများ၊ ဒေသခံရေလုပ်သားများ၏ မေးခွန်းများမေးမြန်းမှုကို MOGE တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်း၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံရေလုပ်သားများ တက်ရောက်ကြကြောင်း သိရသည်။
ရေဖြူ (ပြန်/ဆက်)