ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းပေးအပ်

ကျောက်ကြီး ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ အင်းနက်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာတို့မှ အိမ်ထောင်စု(၂၀၀)စု အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်မှုအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)၏ စီမံမှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ အင်းနက်ကျေးရွာရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသည့် အိမ်ထောင်စု(၁၅၀)စု လူဦးရေ(၅၉၅)ဦးနှင့် ကြို့ကုန်းကျေးရွာရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသည့် အိမ်ထောင်စု(၅၀)စု လူဦးရေ(၂၁၃)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား ကျောက်ကြီးမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် တာပေါ်လင် (၁)ချပ်၊ စောင် (၁)ထည်၊ ခြင်ထောင်(၁) လုံး၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းဖာ (၁)ဖာ၊ ကျောက်ကြီးမြို့ပေါ် ဒေသခံပြည်သူများက လှူဒါန်းထားသည့် အဝတ်အစားများအား တိုက်ပွဲရှောင် နေရပ်စွန့်ခွာသည့် အိမ်ထောင်စုဝင်များ လက်သို့ လွဲပြောင်းပေးအပ် ထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာ ဒေသခံပြည်သူများအား ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊ ဘေးဒုက္ခကျရောက်သူများကို ကူညီရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)