မိန်းမလှကျွန်း‌တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၏ ဒီရေတောအပင်များအား ကွက်လပ်ဖြည့် စိုက်ပျိုးတော့မည် ဖြစ်သဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိတော့မည်

ဘိုကလေး ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ထင်းခုတ်ယူမှုနှင့် နာဂစ်မုန်တိုင်းကဲ့သို့သော  သဘာဝဘေးမုန်တိုင်းဒဏ် များကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံးလာခဲ့ရာ ၎င်းဘေးမဲ့တောကြီးအား ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေအခွင့်အလမ်းဖော် ဆောင်နိုင်ရေးအတွက် ယခုအခါ ဘိုကလေးမြို့နယ် အခြေစိုက် မြင့်မြတ်သူတို့ နှလုံးသား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှာပါးပျိုးပင်များနှင့် ဒီရေတောပျိုးပင်များအား မိန်းမလှကျွန်း ဘေးမဲ့တော၌ ဖြည့်တင်းစိုက်ပျိုးရန် အဆိုပါ ဘေးမဲ့တော ပတ်ဝန်းကျင်ရှိ စက်ဆန်း၊ ထော်ပိုင်၊ ဆတ်ကျွန်း၊ ချောင်းဗြဲကြီး ကျေးရွာအုပ်စု(၄)အုပ်စု၌ ပျိုးထောင်ခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပြီး ၎င်းပျိုး ထောင်ခြင်း၊ စိုက်ပျိုးခြင်း လုပ်ငန်းစဉ်များအား ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သဖြင့် ဒေသခံ များအတွက် ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာတော့မည်ဖြစ်ကြောင်း မြင့်မြတ်သူတို့ နှလုံးသား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မျိုးထံမှ သိရသည်။

ယခု မိန်းမလှကျွန်းပေါ်၌ ဆောင်ရွက်မည့် ဒီရေတောများ ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်း စီမံကိန်းသည် ဒီရေတောများ ပြန်လည်ထူထောင် စိုက်ပျိုးရုံသာမက အပင်ပေါက်ရောက်မှု ပိုမိုများပြား သိပ်သီးလာစေရန်၊ မျိုးတုံးပျောက်ကွယ်တော့မည့် ဒီရေတော မျိုးစိတ်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုကောင်းမွန်လာစေ ရန်နှင့် ဒီရေတော‌ဂေဟစနစ်ကို ပိုမိုကျန်းမာသန်စွမ်းလာစေရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ထိုသို့ဆောင်ရွက်ရာတွင် မိန်းမလှကျွန်း ပတ်ဝန်းကျင်ရှိ ဒီရေတောကို မှီခိုအားထားနေရသည့် ဒေသခံများနှင့် အတူ ဆောင်ရွက်မည်ဖြစ်သဖြင့် ဒေသခံများအတွက် ဝင်ငွေအခွင့်အလမ်းများ ရရှိကာ ၎င်းတို့၏ စားဝတ် နေရေးကို အထောက်အကူပြုစေမည့်အပြင် ၎င်းတို့ ပါဝင်စိုက်ပျိုး ထိန်းသိမ်းမှုများကြောင့် ကောင်းမွန်သန်စွမ်း ကျန်းမာလာမည့် ဒီရေတော ဂေဟစနစ်သည် စိုက်ပျိုးရေး သီးနှံနှင့် သား၊ ငါး၊ ပုဇွန်များ ရေရှည် ရရှိနိုင်စေမည် ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူများထံမှ သိရသည်။

မိန်းမလှကျွန်းဘေးမဲ့တောသည် ၁၉၉၃ ခုနှစ်တွင် မိန်းမလှကျွန်းဘေးမဲ့တောအဖြစ် သစ်တောရေးရာဝန်ကြီး ဌာနမှ သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။

မိုးစက်(ဘိုကလေး)