ပေါက်ခေါင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယနေ့နံနက်က ငါးခူအိုင်ကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က ဒေသခံကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ပက်သက်၍ အသိပညာပေး ဆွေးနွေးမှုများနှင့် လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားခဲ့ပြီး ၊စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ နည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လဝက၊ ကျေးလက်၊ မွေး/ကု၊ စက်မှုလယ်ယာ၊ စားသုံးသူ၊ မြေစာရင်းနှင့် ဆည်မြောင်းဦးစီးဌာန တို့က ကျေးရွာအရောက် ကွင်းဆင်း၍ နည်းပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်