ပြည် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထက(အောင်ဆန်း)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော KG တန်း အပါအဝင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာ၊ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိသည်။
ယင်းကာကွယ်ဆေးထိုးနှံရာတွင် အဆိုပါကျောင်းမှ ယခုနှစ် ဇွန်လပထမပတ်အတွင်း (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံခဲ့ပြီးသော အသက် ၅နှစ်မှ ၁၂အထိ ကျောင်းသား၊ကျောင်းသူ (၃၁၅)ဦးနှင့် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူ (၁၇၀)ဦး၊ စုစုပေါင်း (၄၈၅)ဦးအား ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် (Second Dose) ထိုးနှံပေးခြင်းဖြစ်ကြောင်း အထက(အောင်ဆန်း) ကျောင်းအုပ်ကြီးထံမှ သိရသည်။
ပြည်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၁၂)ကျောင်း၊ အထက(ခွဲ) ၉ကျောင်းနှင့် အလယ်တန်းကျောင်း(၈)ကျောင်း အပါအဝင် စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၈၈ ကျောင်းရှိပြီး အဆိုပါကျောင်းအားလုံးတွင် အလားတူ သတ်မှတ်အသက်အရွယ် ဦးတည်အုပ်စုအလိုက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဆရာ၊ဆရာမများ၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအလိုက် ပညာရေးဝန်ထမ်း ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)