သဲကုန်း ဇူလိုင် ၅
သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေး၍ သံပုရာပင်ကိုင်းစည်းနည်းလက်တွေ့ပြသခြင်းကို ဌာနများပူးပေါင်း၍ ယမန်နေ့က ဆင်မြီးဆွဲမြို့၊ ကျူတောကျေးရွာ၊ ကျူတောမြောက်ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်က ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုလိုဆွေးနွေးပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေအသိပညာပေးခြင်း၊ ဒေသအတွင်းကုန်ထုတ်စွမ်းအားများဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) အမည်ပြောင်းလဲလျှောက်ထားခြင်း၊ စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်ရေရရှိရေး၊ ဆည်မြောင်းဌာနမှရေပေးဝေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ဥပဒေနှင့်စာသုံးသူများအခွင့်အရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်းရှိ တောင်သူလယ်သမားများကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးတို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက သံပုရာပင်ကိုင်းစည်းနည်းအား လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)