သရက်ချောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

သရက်ချောင်း ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့် ဝန်ထမ်းများကမြို့ပေါ်ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ နိုင်ငံတော်မှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၂၃)ဦးတို့အား ထောက်ပံ့ငွေကျပ်(၂၄၆၉၀၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းမှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်၍သော်လည်းကောင်း၊ အိမ်တိုင်ရာရောက် သွားရောက်၍သော်လည်းကောင်း၊ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)