ဖျာပုံမြို့ အထက-၁ ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ များ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ဖျာပုံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်​ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ် များ၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်းရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများ အကြောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက အားကစားနှင့် အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေး အပြင်အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော အားကစား သမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါ ကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက် (၄)ချက်များအား ရှင်းလင်း ပြောကြားပြီး ခရိုင်တိုင်းရင်းဆေးကုသရေးဌာနမှူးမှ မိုးတွင်းကာလတွင် ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက်ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အထက-၁ ကျောင်းအတွက် အားကစားပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အားကစား မှူးတို့မှ အားကစားပစ္စည်းများအား အထက-၁ ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး လက်ရွေးစင်မြန်မာ့သိုင်းအားကစားသမားများမှ သိုင်းစွမ်းရည် သရုပ်ပြခြင်းတို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)