စေတုတ္တရာ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှု အဆင်ပြေ စေရန်နှင့် လယ်ယာ ထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
အလယ်ဟန်ဒေါက်-ဘူးကျေးရွာချင်းဆက်လမ်း အကျယ်(၁၆)ပေ၊ လမ်းအရှည်(၀/၄)မိုင် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၄၇.၇) သန်းဖြင့် ဆင်ကိုးကောင်(Nine Elephant)ကုမ္ပဏီမှ (၁၆.၂.၂၀၂၀)ရက်နေ့မှ စတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် အလယ်ဟန်ဒေါက်ကျေးရွာ အုပ်စုနှင့် ဘူးကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအတွက် ရာသီမရွေးသွားလာရေး အကျိုးပြု နိုင်မည် ဖြစ်ကြောင်း မြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နိုင်နိုင်ရွှေ က ပြောကြားသည်။
စည်သူလွင်(ပြန်/ဆက်)