ပလောက် ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အထကကျောင်းဝင်းအတွင်း ကျောင်းသူ/သားများအနေဖြင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
၎င်းခြင်ဆေးမှုတ်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးသွင်စည်သူကျော်ထွေးနှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ မီးသတ်တပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ၊ ဆရာ/မများပူးပေါင်း၍ ကျောင်းဆောင်များအတွင်းရှိ စာသင်ခန်းများအားလုံး၊ ကျောင်းဝင်းအတွင်းရှိ ပန်းပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ ရေနုတ်မြောင်းများနှင့် ကျောင်းသုံးအိမ်သာများအတွင်း ခြင်ပေါက်ဖွားမှု၊ ခြင်များခိုအောင်းမှုမရှိစေရေး ခြင်ဆေးမှုတ်စက်ဖြင့် ခြင်ဆေးဖျန်းပေးကြခြင်းဖြစ်ကြောင်း ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရပါသည်။
နှင်းမြူလွင် (ပလောက်)