လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

လိပ်သို ဇူလိုင် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/မများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူပြီး ထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၆၅) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။

စောဝေါ်ကွောထူး