ဒေးဒရဲ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က သက္ကယ်ချောင်ကျေးရွာအုပ်စု၊ ရွေဘိုစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ဦးကျော်လွင်ထွန်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အားကစား လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားပစ္စည်းများကို ကျောင်းတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း