ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ပြည်နယ်အဆင့် ဒုတိယအသုတ် သင်တန်းသား၊ သင်တန်းသူများအား ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ တွေ့ဆုံအားပေးစကားပြောကြား

ဘားအံ ဇူလိုင် ၄

ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး(၄) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ပြည်နယ်အဆင့် ဒုတိယ အသုတ်သင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူသားတိုင်း ရောဂါဘယကင်းရှင်းပြီး သက်တမ်းစေ့ အသက်ရှည် စွာနေထိုင်နိုင်ရေး အတွက် ကျန်းမာရေးသည် အလွန်တရာမှအရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူစောင့်ရှောက်ပေးရသည့် ကျန်းမာရေးဝန်ထမ်းများသည်လည်း အရေးပါအရာရောက်ကြသူများ ဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာ နာ (၅) နာဖြင့် ပြည့်စုံသည့် ကျန်းမာရေးဝန်ထမ်းများကို စဉ်ဆက်မပြတ်မွေးထုတ်ပေး ဖို့လိုကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုကို ဖော်ဆောင်ပေး ရမည်ဖြစ်ကြာင်း၊ ရည်မှန်းချက်ကို မြင့်မြင့်ထား၍ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှဆောင်ရွက်ပြီး ပြည်သူလူထုမှ အားကိုးအားထားပြုရသော နိုင်ငံ့ဝန်ထမ်းကောင်း ကျန်းမာရေးဝန်ထမ်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးမှူး (၄) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ပြည်နယ်အဆင့် ဒုတိယအသုတ် သင်တန်းသား/သူ ၃၇ ဦးအတွက် ငွေကျပ် ၇၄၀၀၀၀ (ခုနှစ်သိန်းလေးသောင်း) ကို ထောက်ပံ့ပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)