ထားဝယ် ဇူလိုင် ၄
၂ဝ၂၂ ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Elimination of All Forms of Discrimination Against Women UNCEDAW)ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် UNCEDAW ၏ စာချုပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှုများမရှိ စေရေးတို့အတွက် သက်ဆိုင်ရာ၀န်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပူးပေါင်းလက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိသော အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များ၏ အကျိုးစီးပွားကိုရှေးရှုပြီး ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးအခွင့် အရေးများ ပြည့်ဝစွာရရှိနိုင်ရန် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပေါ်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာအမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကဦးစားပေးလုပ်ငန်းနယ်ပယ်များဖြစ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရေးရာ တွင်ပါဝင်မှု၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အမျိုးသမီးများနှင့် အမျိုးသမီး ငယ်ရွယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး စသော လုပ်ငန်းနယ်ပယ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များအား မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip အား ပြသပြီး တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ကာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိသူ သရက်ချောင်းမြို့နယ်မှ မအိမြတ်ဖူးနှင့် မြိတ်မြို့နယ်မှ မအိနှင်းဖွေးတို့အား ဂုဏ်ပြုဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ကြက်ခြေတပ်ဖွဲ့ဝင်များအာသင်တန်းပေးခြင်း၊ ကိုဗစ်ကာလအတွင်း တက်ကြွစွာပါဝင်ဆောင်ရွက်ပေးခဲ့သော တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မမလေးနှင့် ၂၀၂၂ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (၁၀)ကျောင်းရှိ ဝန်ထမ်းများ၏ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့် ထားဝယ်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဝန်ထမ်း(၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ပြီး ထားဝယ်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက “စည်းလုံးစို့လေသွေးချင်းတို့ရဲ့ပြည်” သီချင်းနှင့် “အိမ်” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)