ကမမောင်းမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊ အပြောစွမ်းရည်ပြိုင်ပွဲနှင့် အာဇာနည်နေ့ဆိုင်ရာ နံရံကပ်စာစောင်ပြသ

ကမမောင်း ဇူလှိုင် ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့  အခြေခံပညာအထက် တန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊   ဆောင်းပါး၊ အပြော စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲတွင် ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၇၉) ဦးက အာဇာနည်နေ့ တို့မမေ့ စာစီစာကုံးဖြင့်လည်းကောင်း၊ အာဇာနည်နေ့ကဗျာပြိုင်ပွဲတွင် ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ အပြော စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၂) ဦးက ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက အာဇာနည်နေ့ အကြောင်း   ကျောင်းသား/ ကျောင်းသူများ ပိုမိုသိရှိလာစေရန်ရည်ရွယ်ချက်ဖြင့် မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်များအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ်ချုပ်မိန့်ခွန်းများ၊ အာဇာနည် (၉) ဦး၏ ကိုယ်ရေးအကျဉ်း စသည့် နံရံကပ် စာစောင်များ ပြသခဲ့ကြောင်းနှင့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊ အပြောစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း ကမမောင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာချိုထံက သိရှိရသည်။

သန့်ဇင်(ပြန်/ဆက်)