ဆိပ်ဖြူ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှ ရေလုပ်သားများသည် ငါးသယံဇာတထိန်းသိမ်းရေး ငါးမျိုးစိတ်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးအတွက် ငါးရစ်/ငါးသန်ကာလတွင် မြစ်ချောင်းများအတွင်း ရေချိုငါးဖမ်းခြင်းလုပ်ငန်းကို ရပ်နားထားကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ရေချိုငါးဖမ်းခြင်းလုပ်ငန်းကို ဧရာဝတီမြစ်နှင့် ယောချောင်းတို့ကို အမှီပြု၍ ဆိပ်ဖြူမြို့ ဆိပ်ကမ်းသာ ရေလုပ်သားအဖွဲ့၊ ရေလယ်သောင်ကျေးရွာ ရေလုပ်သားအဖွဲ့၊ ထနောင်းကုန်းကျေးရွာ ရေလုပ်သားအဖွဲ့၊ ကျီးပင်ကျေးရွာ ရေလုပ်သားအဖွဲ့ စုစုပေါင်း ရေလုပ်သားအဖွဲ့ (၄)ဖွဲ့ရှိပြီး နှစ်စဉ် တော်သလင်းလမှ တန်ခူးလအထိ ရေလုပ်ငန်းလုပ်ကိုင်ရာသီအဖြစ် လုပ်ကိုင်ကြကာ မြစ်ချောင်းများအတွင်း၌ ရေချိုးငါး၊ ရေချိုပုဇွန် ပိုက်ချ၊ ပိုက်တန်းဖမ်းခြင်းဖြင့် ရရှိလာသောငါးများကို ချောက်မြို့၊ စလေမြို့နှင့် ဆိပ်ဖြူမြို့ဈေးများတွင် ရောင်းချပြီး မိသားစုဝင်ငွေရှာဖွေ လုပ်ကိုင်လျက်ရှိကြသည်။ လက်ရှိအချိန်သည် ငါးများဥချ၊ ပေါက်ဖွားသည့် ငါးရစ်/ငါးသန်ကာလတွင် ငါးမျိုးစိတ်များမပြုန်းတီးရေး၊ ငါးသယံဇာတ တိုးပွားရေး၊ ရေရှည် လုပ်ကိုင်ရှာဖွေစားသောက် ရောင်းချနိုင်ရေးအတွက် ရေချိုငါးများဖမ်းဆီးခြင်းကို ရပ်နားထားလျက်ရှိကြောင်း ထိုသို့ရေလုပ်ငန်းရပ်နားထားချိန်တွင် ရေလုပ်သားများအနေဖြင့် ယခင်ရာသီက စုဆောင်းထားသည့် အပိုဝင်ငွေဖြင့်သော်လည်းကောင်း၊ မြစ်ချောင်းများအတွင်း မျောပါလာသည့် ဗူးခွံ ပလုံးခွံများ လိုက်ကောက်၍ ရောင်းချခြင်းလုပ်ငန်း၊ မြို့ပေါ်ရပ်ကွက်များရှိ ကုန်တင်ကုန်ချလုပ်ငန်းနှင့် ပျံကျ အငှားလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး ဆောင်ရွက်နေရသလို ငါးဖမ်းရာသီအတွက် လုပ်ငန်းခွင်အကြိုပြင်ဆင် ခြင်းလုပ်ငန်းများဖြစ်သည့် လှေများ ပြုပြင်ထိန်းသိမ်းခြင်း၊ ငါးဖမ်းပိုက်များအသစ်ရက်လုပ်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနက မေလနှောင်းပိုင်းမှ ဇူလိုင်လများအတွင်း မြစ်ချောင်းများတွင် ငါးသားပေါက် ဥချချိန်၊ ငါးမိတ်လိုက်ချိန်၊ ငါးသားပေါက်များ ပေါက်ဖွားသည့်ကာလဖြစ်၍ ငါးဖမ်းခြင်းကြောင့် ငါးမျိုးစိတ်များ ပြုန်းတီးမှု အန္တရာယ်များ ကြုံတွေ့လာနိုင်သည့်အတွက် ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားသလို ရေလုပ်သားများအနေဖြင့်လည်း မြစ်ချောင်းများအမီပြု၍ ငါးဖမ်းလုပ်ကိုင်စား သောက်ကြရသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာန၏ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြပြီး ငါးဖမ်းရာသီကာလ၌လည်း ငါးမျိုးစိတ်မပြုန်းတီးရေးအတွက် ရှော့တိုက်ငါးဖမ်းခြင်း၊ ဆေးချငါးဖမ်းဆီးခြင်းများ ရှောင်းရှားကြပြီး မိရိုးဖလာငါးဖမ်းနည်းများဖြစ်သည့် ယက်သည်ထိုး၊ ပိုက်တန်း၊ ပိုက်မျော၊ ကွန်ပစ်နည်းများဖြင့်သာ ရေလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ဖြူမြို့ ဆိပ်ကမ်းသာရေလုပ်သားများထံမှ သိရှိရသည်။
စိုးလင်းနိုင်(IPRD)