ဘားအံ ဇူလိုင် ၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) တွင် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ် (၃/၂၀၂၂) အခြေခံကွန်ပျူ တာသင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါသင်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်ခန်းမ၌ ကျင်းပသည်။
သင်တန်းများဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နည်းပညာနှင့် သက်မွေးပညာရပ်များကို သင်ယူနိုင်မှု အခွင့်အလမ်းမြင့်မားလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး တစ်ဦးချင်း ဝင်ငွေရရှိမှုတိုးတက်လာကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ သင်ယူပြီးမြောက်သွားသည့် အတတ်ပညာရပ်များကို မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းတို့ကို ပိုင်ဆိုင်နိုင် မည်ဖြစ်ပြီး သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား/သူ ၂၀ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား/သူ ၁၂ ဦးနှင့် ဆံပင်ညှပ်သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား/သူ ၁၀ ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ ကာလတိုသင်တန်းများကို ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းများ သင်ကြားပို့ချနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)