မြောင်းမြ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြ    စက်တင်ဘာ  ၉

မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးသောင်းတင်ထွေးက စစ်ဆေးရေး ဂိတ်များတွင် အသွားအလာ ကန့်သတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား တာဝန်ကျဌာန ဆိုင်ရာများ အနေဖြင့် စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ကြရန်၊ မော်တော်ယာဉ် လိုင်းများ ခရီးသည်များအား ခရီးသွားထောက်ခံစာ မပါရှိပါက တင်ဆောင်ခြင်းမပြုရန်၊ စစ်ဆေးရေး ဂိတ်များတွင် တာဝန်ချထားသော ဌာနဆိုင်ရာများ အနေဖြင့် ခရီးသွားထောက်ခံချက်မပါသည့် ခရီးသွားများ၊ Taxi များအား ဂိတ်မှဖြတ်သန်း သွားလာခွင့်မပြုရန်၊ ပြည်သူများအနေဖြင့် စားဝတ်နေရေးအရ သွားလာဆောင်ရွက် ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ ယခုကာလတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို တိုးမြှင့်လုပ်ဆောင်ကြရန်နှင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့်  မြို့မိ/ဖများ၊ ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီဌာန၊ စည်ပင်သာယာရေးကော်မတီတို့က    ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက် များ အား ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြောင်းမြခရိုင် မြို့မိ/မြို့ဖများ ၊မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် ခရိုင်ကိုဗစ်-၁၉ ကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်းသိရ သည်။

စန္ဒာကြည်(ပြန်/ဆက်)