ဂန့်ဂေါမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဂန့်ဂေါ ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌  အခြေခံပညာစာသင်ကျောင်းများတွင် သင်ကြားတက်ရောက်နေသည့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှစတင်ကာ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂန့်ဂေါခရိုင် Yaw Rescue အဖွဲ့ဝင်များနှင့် ဂန့်ဂေါခရိုင် ကြက်ခြေနီ အသင်းတို့က နေ့စဉ်ကူညီဆောင်ရွက်ပေးနေပြီး မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid Shield)  ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောတိုက်တွင် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား(၁၄၆)ဦး၊ ကျောင်းသူ (၁၄၁)ဦး ပေါင်း (၂၈၇)ဦးရှိကြောင်းနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းတွင် ဆေးလုံးဝမထိုးရသေးသူ ကျား ၄၁ ဦး၊ မ ၅၁ ဦး ပေါင်း (၉၂)ဦး၊ ၁ ကြိမ်ထိုးနှံပြီးသူ ကျား(၃)၊ မ(၅)ဦး ပေါင်း (၈)ဦးနှင့် ၂ ကြိမ်ထိုးနှံပြီးသူ ကျား(၅၆)ဦး၊ မ(၉၄)ဦး ပေါင်း (၁၅၀)ဦး စသည့်ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covid Shield)  ဆက်လက်ထိုးနှံခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)