ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်းစစ်တုရင်ပြိုင်ပွဲကျင်းပ

ငဖဲ  ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်-၂ ဦးတင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်း၊ ပြိုင်ပွဲဝင်ကျောင်းသားများ နှင့်ပြည်သူ(၂၂)ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ကျောင်းသား များနှင့် ဝါသနာရှင်ပြည်သူများအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့်အတွက် ကြိုးစားပြီးယှဉ်ပြိုင် ကစားသွားကြရန်နှင့် ခရိုင်အဆင့်သို့တက်လှမ်း၍ မြို့နယ်မှဆုရရှိအောင် ပါဝင်ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းဆင့် ကျောင်းသား (၁၅)ဦးနှင့် ဝါသနာရှင်အလွတ်တန်းပြိုင်ပွဲဝင်ရောက်သူ (၇)ဦး စုစုပေါင်း (၂၂)ဦးတို့က ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို ဇူလိုင်လ ၅ ရက်နေ့ထိကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဆုရရှိသူ ကျောင်းသား(၃)ဦးနှင့် အလွတ်တန်းပြိုင်ပွဲဝင်သူ(၄)ဦးတို့အား ဇူလိုင်လ ၆ ရက်နေ့တွင် တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)