မုံရွာမြို့‌ပေါ် ရပ်ကွက်များရှိ မိဘပြည်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍  လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မုံရွာ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ  မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ဦးဆောင်သော ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် ယနေ့ နံနက်(၉)နာရီက မုံရွာမြို့နယ် ဗန္ဓုလရပ်ကွက်ရှိ ဝိသုဒ္ဓိတပ်ဦးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ  ဗန္ဓုလရပ်ကွက်ရှိ မိဘပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မုံရွာမြို့နယ် ဗန္ဓုလရပ်ကွက်ရှိ မိဘပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဝိသုဒ္ဓိတပ်ဦးကျောင်းတိုက်အတွင်းရှိ ဓမ္မဂဝေသီ ဓမ္မာရုံတွင် ကျင်းပရာ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက နယ်မြေ တည်ငြိမ်လုံခြုံရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်းများအပေါ် အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနေမှု အခြေအနေများ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရပ်ကွက်အတွင်းရှိ  ကျွဲ၊ နွား၊ သိုး၊ ဆိတ် ဒေါင့်သန်းရောဂါနှင့် ဝက် သံချဆေးကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ကာကွယ်ဆေးထိုးပေးနေမှု အခြေအနေများ၊ ခရိုင်စီမံကိန်းဦးစီးဌာနမှ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ခရိုင်ပညာရေးဦးစီးဌာနမှ ကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုဇယားများ ပြုလုပ် ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ရပ်ကွက်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကိုယ်အား ကိုယ်ကိုး လမ်းများ ဖောက်လုပ်လိုပါက ဘိလပ်မြေများ ထောက်ပံ့ပေးမှုအခြေအနေများ၊ ခရိုင်လမ်းဦးစီးဌာနမှ လမ်းများ‌ ပြုပြင်‌ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သီနှံမျိုးစုံ လျာထား စိုက်ပျိုးထားရှိမှုများနှင့် လိုအပ်ချက်နည်းပညာများနှင့် ပံ့ပိုးသွားမည့် သွင်းအားစုများကို လည်းကောင်း ဒေသခံပြည်သူများနှင့် ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူအသီးသီးတို့၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဗန္ဓုလရပ်ကွက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း လမ်းများအား ကွန်ကရစ်လမ်းများခင်းပေးရန်နှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းအတွင်း သမံတလင်းခင်းရန်အတွက်လိုအပ်သော ဘိလပ်မြေများ ထောက်ပံ့ပေးရန်တို့အား တင်ပြမှုအပေါ်  တာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူများအား စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ယင်းနောက် မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင အဖွဲ့သည် အဆိုပါ ဗန္ဓုလရပ်ကွက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနေမှုနှင့် နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ ကွင်းဆင်းပြုလုပ်ပေးနေမှုများအား ကြည့်ရှု့အားပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ပြသော မင်္ဂလာကန်တော် အဆင့်မြှင့်တင် ဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရေနှုတ်မြောင်းများ ဖော်ပေးနိုင်ရေးနှင့် ရပ်ကွက်အတွင်းရှိ လမ်းများ ပြုပြင်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အသီးသီးအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)