မြို့မစည်ပင်သာယာဈေးနှင့် ကျေးလက်ဈေးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်  ပွင့်ဖြူမြို့မဈေးနှင့် ကျေးလက်ဈေးများဖြစ်သည့် ရှောက်တောဈေး၊ ကုန်းဇောင်း‌ဈေး၊ လယ်ကိုင်းဈေးနှင့် ကျောင်းတော်ရာဈေးတို့အား ဈေးရောင်းဈေးဝယ်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်များဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးနှင့် ကျေးလက် ဈေးများဖြစ်သည့် ရှောက်တောဈေး၊ ကုန်းဇောင်း‌ဈေး၊ လယ်ကိုင်းဈေးနှင့် ကျောင်းတော်ရာဈေးတို့အား ဈေးတွင်း ဈေးပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်ကန်အတွင်း အမှိုက်များကို သိမ်းဆည်းခြင်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က ဈေးများတွင် တပ်ဆင်ထားရှိသော လျှပ်စစ်မီးကြိုးများ မီးဘေးလုံခြုံရေးအတွက် ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးပြီး မီးမလင်းသော မီးသီး၊ မီးချောင်းများကို အသစ်လဲလှယ်တပ်ဆင်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )