စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့နယ်၊ ကချင်ကျေးရွာ၊ ကင်းတော် ကျေးရွာ၊ မြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ဇူလိူင် ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ခန္တီးမြို့နယ်၊ ကချင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကချင်ကျေးရွာ၊ ကင်းတော်ကျေးရွာ၊ မြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျေးလက်ဒေသနေ ပြည်သူများ မိသားစုဝင်ငွေတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရရှိရေး၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်သဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်ပါ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း - ၃၀၀ နဲ့ မတည်ပေးခဲ့တဲ့ မြစိမ်းရောင်းကျေးရွာစီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်ဟာ ကျေးရွာသူ/သားများ ကိုယ်တိုင်ပဲ ရရှိခံစားရမှာဖြစ်သလို စီမံကိန်းရန်ပုံငွေ ရေရှည်တည်တံ့ရေးဟာလည်း ကျေးရွာသူ/သားများ အပေါ်မှာပဲ မူတည်လျက်ရှိပါကြောင်း၊ မတည်ရန်ပုံငွေ ထာဝရရှင်သန်တိုးတက်ရေး ကျေးရွာစီမံ ကိန်းလုပ်ငန်းအဖွဲ့က တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ခန္တီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဟန်နွဲ့က ကချင်ကျေးရွာ၊ ကင်းတော်ကျေးရွာ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ကချင်ကျေးရွာ မြစိမ်းရောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက မိမိတို့ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းနှင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသော ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကချင်ကျေးရွာ၊ ကင်းတော်ကျေးရွာတို့အတွက် ငွေကျပ် - ၅ သိန်း စီအား ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း၊ ကချင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ကင်းတော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့တွက် ငွေကျပ် - ၅ သိန်းစီအား ကျောင်းအုပ်ဆရာမများထံ ပေးအပ်ချီးမြင့်ခဲ့ပြီး ဒေသခံတိုင်းရင်းသား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကချင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးလာဿနထံ လှူဘွယ်ပစ္စည်းနှင့် ဝတ္တုငွေတို့အား ဆက်ကပ် လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသော ဆင်သေကျေးရွာအဝင် လမ်းအကျယ် - ၈၀ ပေ၊ အနံ - ၁၀ ပေ၊ အမြင့် - ၁၀ ပေပတ်လည်ရှိ Box Culvert တည် ဆောက်ပြီးစီးမှုနှင့် နန်မုံ-ဆင်သေ-ကချင်လမ်းပေါ်ရှိ နန့်သဲကြီးချောင်းတံတား တည်ဆောက် ပြီးစီးမှုတို့အား တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)