အထက်မင်းလှ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ ညနေပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး/ဆောင်း)ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ မိုးနေကြာစိုက်ပျိုးရန်ပါဝင်သည့် ကျေးရွာများ၌ မိုးနေကြာပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ဧက၊ ဆောင်းနေကြာ ၆၀၀၂ဧက၊ စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်းအား တောင်သူများထံ ထောက်ပံ့ပေးထားကြောင်း၊ မင်းလှမြို့နယ်တွင် ဇူလိုင်(၃)ရက်နေ့အထိ မိုးနေကြာစိုက်ပျိုးပြီးစီးမှုမှာ သီးသန့်(၂၁)ဧက၊ သီးညှပ်(၁၆၇၆)ဧက၊ စုစုပေါင်း(၁၆၉၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)