ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း ခြောက်လသင်တန်း ဖွင့်လှစ်သင်ကြားပေး

ပခုက္ကူ  ဇူလိုင် ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း ခြောက်လသင်တန်းကို ဇူလိုင်လ ၁ရက်နေ့မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်အတွင်းက သင်တန်းသူ (၁၀)ဦး တက်ရောက်လျက်ရှိပြီး ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁ရက် နေ့မှဒီဇင်ဘာလ(၃၁)ရက်နေ့အထိ သင်တန်းကာလခြောက်လအတွင်း အခြေခံစက်ချုပ်၊ လက်ရက်ကန်း၊ လက်ချည်မျှင်ဆွဲနှင့် ဂျပ်ခုတ်၊ အထည်ခွဲစိတ်လေ့လာခြင်း၊ အဖြူချွတ်ဆေးဆိုး၊ အထည်ဒီဇိုင်း၊ မော်တော်အပ်ချုပ်စက် ကိုင်တွယ်အသုံးပြုနည်းစသည့် ဘာသာရပ်များကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်းနှုန်းသင်ကြားပေးမည်ဖြစ်သည်။

သင်တန်းကျောင်းတွင် တစ်နှစ်လျှင် သင်တန်းသား/ သူ (၂၀)ဦးဖြင့် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သင်တန်း တစ်ကြိမ်နှင့် သင်တန်းသား/ သူ(၁၀)ဦးစီဖြင့် လက်ရက်ကန်း ခြောက်လသင်တန်း နှစ်ကြိမ်တို့ကို နှစ်စဉ်ပုံမှန်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ပုံမှန်ရက်ကန်းသင်တန်းများအပြင် သဘာဝဆိုးဆေးနှင့် ဓာတုဆိုးဆေးသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ် သင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးလက်မှုထည်သင်တန်း စသည့်ကာလတို သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နိုင်ငံတော်မှ တစ်လလျှင ငွေကျပ်(၃၀၀၀၀)စီထောက်ပံ့ပြီး ရေ၊ မီးအပြည့်အစုံဖြင့် အခမဲ့ အဆောင်နေထိုင်နိုင်ရေး စီစဉ်ပေးလျက်ရှိကြောင်း၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ တိုင်းရင်းသားရိုးရာအထည်များနှင့် ရက်ကန်းအတတ်ပညာများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ရက်ကန်းအတတ်ပညာရပ်များဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး ကိုယ်ပိုင်လုပ်ငန်းငယ်များ ဖန်တီးထူထောင်လုပ်ကိုင်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မသွားစေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ရက်ကန်းဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်လာစေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများကိုလည်း မိမိတတ်မြောက်သော ရက်ကန်းပညာများဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လုပ်ကိုင်နိုင်စေရန် ရက်ကန်းစင်(၁)စင်စီ‌ ထောက်ပံ့ပေအပ်သည့်အပြင် အလုပ်အကိုင်အခွင့်လမ်းရရှိစေရန် မိမိဌာနမှ ဝန်ထမ်းများခေါ်ယူသည့်အခါ အလုပ်သွင်းပေးခြင်း၊ ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက်ပေးခြင်း၊ တစ်ပိုင်တစ်နိုင်ရက်ကန်းလုပ်ငန်း ထူထောင်လုပ်ကိုင်သူများအား ရက်ကန်းဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယု၏ ပြောပြချက်အရ သိရသည်။ 

ဘာမီသာ(ပခုက္ကူ)