ပေါက်ခေါင်း ဇူလိုင် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ခရိုင်ဒုတိယညွှန်ကြားရေးမှူးနှင့်အတူ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဦးစီးမှူးဦးဌေးဇော်နှင့်ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များလိုက်ပါ၍ လယ်တီကျေးရွာမြစိမ်းရောင်မတည်ရန်ပုံငွေများဖြင့် ဆောင်ရွက်ထားရှိသည့် ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းများနှင့် ကွမ်းစိုက်ခင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဗောဓိကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာကုန်ထုတ်လမ်း ၁/၁.၅၄၅ မိုင်ရှိ မြေသား၊ ကျောက်ရောမြေနီလမ်းခင်းခြင်းဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်အောင် ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)