လောင်းလုံးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်စက်(၂)လသင်တန်းဖွင့်ပွဲ  အခမ်းအနားကျင်းပ

လောင်းလုံး  ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများအား မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေပြီး ကူညီပံ့ပိုးပေးနိုင်သော အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က လောင်းလုံးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်စက်(၂)လ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း​ဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်က အဖွင့်အမှာစကားပြောကြားရာ၌ ကျေးရွာများအား မြစိမ်းရောင်စီမံကိန်းအနေဖြင့် ရေပေးဝေရေးလုပ်ငန်းများ၊ ချေးငွေလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ပို့ချသင်ကြားခြင်းနှင့် သင်တန်းများပို့ချသင်ကြားပေးရာတွင်လည်း ဒေသနှင့် ကိုက်ညီသောအကြောင်းအရာများကို ပို့ချဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေသော သင်တန်းသူ/သားများအနေဖြင့်သင်တန်းပြီးရင်ပြီးရောဆိုသည့်သဘောမျိုးမဟုတ်ဘဲ မိမိတို့သင်တန်းမှ ရရှိသောအတွေ့အကြုံ၊ တတ်ထားသည့်ပညာများကိုအသုံးချပြီး အရင်းအနှီးထုတ်ယူသုံးစွဲလိုပါက သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဌာနဖြစ်သည့် သမဝါယမဦးစီးဌာနတို့မှ အုပ်စုဖွဲ့၍ ငွေစုငွေချေးပြုလုပ်နိုင်ပြီး မိမိတို့မိသားစုအတွက် အထောက်အကူပြုနိုင်သော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်နိုင်ပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍  ထားဝယ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်လွင်က လမ်းညွှန်အမှာစကားပြောကြားပြီး လောင်းလုံးမြို့နယ် ဦးစီးမှူး ဦးမျိုးမင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်စက်(၂)လ သင်တန်းတွင် ထားဝယ်ခရိုင်၊ စားသုံးသူဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများတို့က မိမိတို့သက်ဆိုင်ရာ ဘာသာရပ်များအား ပူးပေါင်းဆွေးနွေးပို့ချ သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းသား/သူဦးရေ ၁၃ ဦးအား တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သိန်းသိန်း( လောင်းလုံး)