လေးမျက်နှာ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတွင် ယနေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်၊ အရိုးများသန်မာစေရန်နှင့် ဉာဏ်ရည်တိုးတက်စေရန် ရည်ရွယ်၍ ကလေးငယ်များအား နွားနို့တိုက် ကျွေးခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်မှ နွားနို့ တိုက်ကျွေးရ ခြင်းနှင့် ပတ်သက်၍ နွားနို့သောက်သုံးသူနှင့် မသောက်သုံးသူရသည့် ကျောင်းသား၊ ကျောင်းသူများတွင် နွားနို့ သောက်သော ကလေးငယ်များသည် ဉာဏ်ရည်ပိုမိုကောင်းမွန်ခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ ကြီးထွားနှုန်းပိုမို ကောင်းမွန်ခြင်း စသည့်နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူတိုင်း နွားနို့သောက်သုံးသည့် အလေ့အထများ ရရှိစေရန် စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို နွားနို့တိုက်ကျွေးမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကြီးကြပ်ရေးမှူး ဦးလှစိန်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့သောက်သုံးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွားနို့ပုံမှန်သောက်သုံးသင့်ကြောင်း ပြောကြားပြီး ကလေးငယ်များအား နွားနို့များ တိုက်ကျွေးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်အနေဖြင့် နို့စားနွားချေးငွေနှင့် နို့ပေါင်းစက်ရုံများ မရှိသည့်အတွက် အလှူရှင်များ ခေါ်ယူ၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးကြပ်ကာ နွားနို့တိုက်ကျွေးခြင်း အစီအစဉ်များ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)