သရက် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို လေးတိုင်စင်ကျေးရွာ ရေဦးဘုန်းကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြမှ သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းခဲ့သည်။ အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ (၃၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)