ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ဇီဇဝါလမ်းအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်   ဇူလိုင်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို မေလနောက်ဆုံးပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၈၂၀၀၀၀/-)ဖြင့် အရှည်(၄၂၀)ပေ၊ အကျယ်(၂) ပေ၊ အမြင့်(၂)ပေရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေ (၈၃၄၀၀၀၀/-)ကျပ်ဖြင့် အလျား(၂)ပေ၊ (၈)လက်မ၊ အနံ(၁)ပေ၊(၆)လက်မနှင့် ထုထည်အမြင့် (၄)လက်မရှိ ရေမြောင်းအဖုံး (၂၈၀)ချပ်ပြုလုပ်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည့်အတွက်  ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမိုကောင်းမွန်ပြီး သန့်ရှင်း သာယာလှပ၍ ဒေသနေပြည်သူများလည်း ဝမ်းသာလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး (ပြန်/ဆက်)