လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို   ဇူလှိုင်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမျှော်အမြင်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီအချိန်က လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ အောင်သင်း၏ ကိုယ်ကျင့်နဲ့ပညာ စာပေဟောပြောပွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃ စောဝေါ်ကွောထူးက စာပေချစ်မြတ်နိုးသူများ စာဖတ်ခြင်းမှရရှိလာသော ဗဟုသုတများကို အသုံးချတတ်စေရန်၊ စာပေချစ်မြတ်နိုးသူအချင်းချင်း အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန်၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ဆုံးဖြတ်နိုင်သောအသိများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက်စာဖတ်ဝိုင်းတွင်ပါဝင်သူများက စာအုပ်တွင်ပါရှိသောအကြောင်း အရာများကို မိမိ၏ထင်မြင်ယူဆချက်များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

လိပ်သို(ပြန်/ဆက်)