ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းအဆောက်အဦတချို့ ပျက်စီး

ကော့သောင်း ဇူလိုင် ၄

ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျကာ ဘုန်းတော်ကြီးကျောင်းခေါင်မိုးပျက်စီးခဲ့ကြသည့်ဖြစ်စဉ် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာအဆိုပါနေ့ ညနေပိုင်းက ကော့သောင်းမြို့တွင် ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ င်္ဟသာသုခ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဗောဓိညောင်ပင် အမြင့်ပေ ၃၀ လုံးပတ် ၅ပေခန့် လဲပြိုကာ ကျောင်းခေါင်မိုးပေါ်သို့ ပိကျပြီးသွပ်အမိုးများ ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းနှင့် ကော့သောင်းခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ၏စီစဉ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လိုအပ်သည့်ကူညီရှင်းလင်းမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)