ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း  ဧက ၁၀၀၀၀ ကျော် စိုက်ပျိုး ပြီးစီး

ကျွန်းလှ ဇူလိုင် ၄

စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းကို အဓိက စိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယနေ့အထိ အစေ့ထုတ်ပြောင်း ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် မိုးရွာသွန်းမှု စောတာကြောင့် အစေ့ထုတ်ပြောင်းကို မေလမှာ စိုက်ပျိုးပါတယ်။ အရင်နှစ်က နှစ်ဧကသာ စိုက်ပျိုးခဲ့‌သော်လည်း အခုနှစ် ပဲဇဉ်းငုံနဲ့‌ရောပြီး ငါးဧက စိုက်ထားပါတယ်။ အစေ့ထုတ်ပြောင်းဟာ ကုန်ကျစရိတ်သက်သာပြီး တောင်သူ တွက်ခြေကိုက် သီးနှံလည်း ဖြစ်ပါတယ်။ ပြောင်းရိုးကိုလည်း ကျွှဲ၊ နွားစာအဖြစ် အသုံးပြုရတာကြောင့် တောင်သူတွေ တိုးချဲ့ စိုက်ပျိုး လာကြပါတယ်”ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

အဆိုပါ အစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကင်းစင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်ဖြစ်သည့် တမာပိုးသတ်ဆေးနှင့် ဂျင်း၊ ငရုတ် ပိုးနှင်ဆေး အသုံးပြုရေး၊ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အတွင်း လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်ပြီး မိုးသီးနှံအဖြစ် စပါးအပြင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖိုချောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ