စစ်ကိုင်း ဇူလိုင် ၄
စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာတွင် မိရိုးဖလာတောင်သူလုပ် ငန်းများအပြင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြ၍ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ရွာလေးက အိမ်ခြေ (၆၀)ကျော်လောက်ပဲရှိမှာပါ အိမ်(၄၀)လောက်က ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ယခင်တုန်းကတော့ ချည်တွေကို ကိုယ်တိုင်ငင်ရတယ်။ အခုတော့ အရန်သင့် ချည်လုံးတွေကို ဝယ်ပြီး လုပ်ကိုင်ကြပါတယ်။ ပြည်တွင်း/ ပြည်ပထွက် ချည်အစုံ အသုံးပြု လုပ်ကိုင်ကြပါတယ်။ အချောထည်တွေကိုလည်း လာရောက် ကောက်ယူ ဝယ်သူတွေရှိသလို ကိုယ်တိုင်လည်း ဖောက်သည်တွေဆီ သွားရောက်ပြီး ရောင်းချလေ့ရှိပါတယ်။ မိသားစုတွေရဲ့ တစ်နေ့ဝင်ငွေကတော့ ကျပ်(၉၀၀၀)လောက်ရပါတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ်ရပါတယ်။ တောင်သူလုပ်ငန်းကတော့ ရာသီဥတုမှီပြီး လုပ်ရတာဆိုတော့ ပုံမှန်မရှိဘူးလေ။ အမျိုးသမီးတွေနဲ့ ဒီရက်ကန်းလုပ်ငန်းက ပိုပြီးအဆင်ပြေပါတယ်” ဟု ရက်ကန်းလုပ်ကိုင်နေသူ မနွေးနွေးခိုင်က ပြောပြခဲ့သည်။
အုန္နဲပင်ကျေးရွာသည် စစ်ကိုင်းမြို့နှင့် မိုင်(၂၀)ခန့် ကွာဝေးပြီး မန္တလေး- ရွှေဘိုသွား ကားလမ်း မကြီးအနီးတွင် တည်ရှိပြီ ယခင်က မိရိုးဖလာတောင်သူလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်