ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာတွင်(၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပုသိမ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ ဆားမလောက်ကျေးရွာ တောင်သူ ဦးကျင်လှိုင်၊ ဦးကျော်ဇောလင်း၊ ဦးစန်းဝင်း တို့၏ လယ်ယာမြေတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့် ပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်၍  စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်စရိတ် သက်သာခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများ လျော့ချနိုင်ခြင်း၊ ကောက်ကွက် ပြည့်မီ၍ အထွက်နှုန်း ကောင်းခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နည်းပညာပြန့်ပွားရေး စင်တာတွင် တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများအား ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ အနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်၊ စနစ်တကျ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြ ရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ အား ထောက်ပံ့ပေး အပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး ကျေးရွာတွင် တည်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး အထွေထွေ မန်နေဂျာက ညောင်တုန်း၊ မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများ၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပိုက်လိုင်းများကောင်းမွန်စေရေး၊ အယိုအဖိတ် လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ရေရှည်ထုတ်လုပ်နိုင်ရေး စနစ်တကျ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လျာထားချက် ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။ အဆိုပါ ညောင်တုန်း၊ မအူပင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေမှ ထွက်ရှိသည့် လေဆီနှင့် သဘာဝဓာတ်ငွေ့များကို ရွာမ၊ မှော်ဘီရှိစက်ရုံများ၊ CNG ဆိုင်များ၊ LPC (ညောင်တုန်း-၂)၊ LPC(ညောင်တုန်း-၃) စက်ရုံများ၊ ရွာမ Gas Turbine သို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)