ဖျာပုံမြို့၌ တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ (၄)နှစ်တစ်ကြိမ် ပြုလုပ်သော တတိယအကြိမ်မြောက် စာပေညီလာခံသို့​ မြို့နယ်ကိုယ်စားလှယ်အ​ဖြစ် တက်ရောက်ခဲ့သော စာရေးဆရာလင်းသစ်က တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း က ဖျာပုံမြို့၊ ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်တိုးချဲ့ဆောင် ဗေဒါခန်းမ၌ ပြုလုပ်သည်။

အဆိုပါ တတိယအကြိမ် စာပေညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲတွင် ဖျာပုံမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာ ဇေယျာဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ (၄)နှစ် တစ်ကြိမ် ပြုလုပ်သော တတိယအကြိမ်မြောက် စာပေညီလာခံသို့​ ဖျာပုံမြို့နယ် ကိုယ်စားလှယ်အ​ဖြစ် တက်ရောက်ခဲ့သော စာရေးဆရာ လင်းသစ်က တတိယအကြိမ် စာပေညီလာခံအတွေ့အကြုံများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ် စာရေးဆရာအသင်းဘဏ္ဍာရေးမှူး ဖျာပုံတင်နိုင်ဝင်းက မြို့နယ်စာရေးဆရာအသင်း ၏ ရငွေ၊ သုံးငွေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ် စာရေးဆရာ ဖိုးအောင်လေး၏ (၈)အုပ်မြောက် စာအုပ်ထွက်ရှိခြင်းအတွက် မြို့နယ်စာရေးဆရာအသင်းမှ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်သို့ စာရေး ဆရာ ဇေယျာဘုန်းမြင့်က သုတစာအုပ်(၃၀)အုပ် လှူဒါန်းခြင်းနှင့် မြို့နယ် စာရေးဆရာ အသင်း နာယကကြီးများအား ကျန်းမာရေးကုသစရိတ်များကို မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)