သာယာဝတီ ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်း ကောင်းမျိုးသန့် GW-11 စပါးမျိုးအား အစေ့ချကရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျွန်းကုန်းကျေးရွာရှိ မိုးစပါးစံပြကွက် လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးပြုံးချိုနှင့် တာဝန်ရှိသူများ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့ဖိုးကုန်ကျမှုသက်သာခြင်း၊ အတန်းလိုက် စိုက်ပျိုးခြင်းဖြစ်၍ ပိုးမွှားရောဂါ၊ ပေါင်းမြက်များ အလွယ်တကူ ရှင်းလင်းနိုင်ခြင်း၊ ရေ၊ နေရောင်ခြည်နှင့် လေကိုအပင်မှ ကောင်းစွာရရှိခြင်း၊ အမြစ်များကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေပြီး ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်သည့်ဒါဏ်ကို ခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေဩဇာ၏အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်းနှင့် အခြားသော သမရိုးကျစိုက်ပျိုးခြင်းများ ထက်အားသာသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။
သန့်ဇော် (ပြန်/ဆက်)