၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေး ဇူလိုင် ၄

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးနေ့အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့သည် ၁၉၉၅ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် ဘေဂျင်း ကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ကြေညာစာတမ်းပါအချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းယန္တရားတစ်ရပ် ဖော်ဆောင်ရန်နှင့်မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာအမျိုးသမီးများနေ့အား ၁၉၉၈ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောင်မြင်စွာကျင်းပခဲ့ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်အား ကိုယ်စားပြုသည် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ်ပါဝင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြုနားလည်လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးမျာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အလိုက် ထူးချွန်အမျိုးသမီးများအား ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အကြား လုပ်ငန်းများဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင် ဗီဒီယိုကလစ်အား ပြသခဲ့ပြီးနောက် မကွေးမြို့ အ.ထ.က(၄)မှ ကျောင်းသူလေးများက အကပဒေသာဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်စားမေးပွဲတွင် တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိခဲ့သော ကျောင်းသူအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိခဲ့သော ကျောင်းသူအား တရားသူကြီးချုပ် ဦးစိန်ထွန်း၊ ဝိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံးရရှိခဲ့သော ကျောင်းသူအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်တို့က ဂုဏ်ပြုဆုငွေများနှင့်ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိခဲ့သော အလေးမအားကစားမယ်များနှင့် တိုင်းဒေသကြီးအတွင်း အကြိမ်အများဆုံး အမျိုးသမီးသွေးလှူရှင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

ယင်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပါဝင်ခဲ့ကြသော အလှူရှင်အသင်းအဖွဲ့များအား တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလက်မှတ်ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)