လိပ်သိုတွင် မက်ခါသီးပင်များကို အပိုဝင်ငွေရရှိရန် ပိုမိုတိုးချဲ့စိုက်ပျိုး

လိပ်သို ဇူလှိုင် ၄

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ပေါ်နှင့်ကျေးရွာများတွင် မက်ခါသီးပင်များကို ကယားပြည်နယ် လွိုင်ကော်မြို့မှမှာယူ၍ မိမိတို့၏ အိမ်ခြံဝင်းနှင့်ဥယျာဉ်ခြံများတွင် ပိုမိုတိုးချဲ့စိုက်ပျိုး လာလျက်ရှိရာ ပျိုးပင်၏အရွယ်အစား​အပေါ်မူတည်၍ တစ်ပင်ကိုကျပ် ၃၀၀၀ မှကျပ် ၆၀၀၀ အထိရောင်းဝယ်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

လိပ်သိုမြို့ပေါ်ရှိဒေသခံတစ်ဦးက မိမိအိမ်ဝင်းအတွင်းပျိုးပင်(၂) ပင်ကိုစမ်းသပ်စိုက်ပျိုးခဲ့ရာမှ ထွက်ရှိလာသောမက်ခါသီးများကို လက်လီရောင်းချခဲ့ရာတစ်ရာသီအတွင်း ဝင်ငွေကျပ်(၂) သိန်း ကျော်ရရှိခဲ့ကြောင်း သိရသည်။

မက်ခါသီးကိုဒေသခံများက သားငါးဟင်းချက်ပြုပ်ရာတွင်လည်းကောင်း၊ အထောင်းဟင်း၊ အသုပ်ဟင်း၊ ဟင်းချိုဟင်းများ ချက်ပြုပ်စားသောက်ရာတွင်လည်းကောင်း၊ အသုံးပြုကြပြီး ယခုအခါစားသောက်ဆိုင်များတွင် ပင်ဟင်းလျာအမျိုးစုံတွင် ထည့်သွင်းအသုံးပြုလာကြရာ ယခင်က လွိုင်ကော်မြို့မှ မှာယူရောင်းဝယ်စားသုံးခဲ့ကြရပြီး လိပ်သိုမြို့ပေါ်တွင် နို့ဆီဗူးတစ်ဗူးကိုကျပ် (၅၀၀၀)ဖြင့် ရောင်းချလျက်ရှိသည်။

ယခုအခါ ဒေသခံများကမိမိတို့စားသုံးရန်နှင့်မိသားစုအပိုဝင်ငွေရရှိရန် ပိုမိုစိုက်ပျိုးထုတ်လုပ်လာကြရာ မက်ခါသီး၊ ငရုပ်သီး၊ ရွှေဖရုံစေ့တို့ကိုအမှုန့်ကြိတ်ပြီး အချိုးကျ ရောစပ်ကာတံဆိပ်တပ် ရောင်းချလာလျက်ရှိကြောင်း သိရသည်။

စောဝေါ်ကွောထူး