ပဲခူးမြို့တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြ

ပဲခူး ဇူလိုင် ၃

ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများအသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်း လုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီမှ ဆောင်ရွက်သော ဆားငံဒါဏ်ခံ စပါးဆင်းသွယ်လတ် မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်၍ နွေစပါးစိုက်ဧကများတွင် ဆက်လက်စိုက်ပျိုးမည့် အစီအစဉ်များအား ချပြရှင်းလင်းခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ကတွင်းခြံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၃၀/န) ဦးပိုင်အမှတ်(၂၈/၂) တောင်သူ ဦးသန်းအေး၏ လယ်‌မြေ (၇.၆၀)ဧကရှိ စံပြကွက်များ၌ ကျင်းပခဲ့သည်။

ထို့နောက်  တက်ရောက်လာကြသော ဒေသခံတောင်သူများက စိုက်ပျိုးရေးဆိုင်ရာ မေးမြန်းမှုများအပေါ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက  ဖြေကြားခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့  ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေး ကော်မတီဝင်များ၊ တောင်သူလယ်သမားများ(၂၅၀)ဦး  တက်ရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)