ပခုက္ကူမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုသောအားဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ အစီအစဉ် ရိုက်ကူး တင်ဆက်

ပခုက္ကူ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့ပူးပေါင်းပြီး မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး (Talk Show) ဆွေးနွေးပွဲအစီအစဉ် ရိုက်ကူးတင်ဆက် လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က (Talk Show) ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များအကြောင်းပြောကြားပြီး ပါဝင်ဆွေးနွေးမည့်သူများအား မြန်မာအမျိုး သမီးများနေ့အကြောင်း၊ အမျိုးသမီးများ၏အခန်းကဏ္ဍနှင့် အလုပ်အကိုင် အခွင့်အလမ်းအကြောင်းတို့နှင့် ပတ်သက်ပြီး မေးခွန်းများ အသီးသီးမေးမြန်းရာ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာအမျိုးသမီးများနှင့် ပတ်သက်ပြီး ပြဌာန်းထားသောဥပဒေများ အကြောင်းတို့ကိုလည်းကောင်း၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေး၊ မြန်မာရက်ကန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်ရေးနှင့် တန်ဖိုးထားမြတ်နိုးထိန်းသိမ်းကာကွယ် တတ်စေရေးတို့အတွက် တိုင်းရင်းရိုးရာ ဂျပ်ခုတ်သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ချည်မျှင်နှင့် အထည်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေသည့် အကြောင်းတို့ကိုလည်းကောင်း၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ သင်ကြားလေ့လာခွင့်မရှိသည့် အမျိုးသမီးများနှင့် ဆင်းရဲနွမ်းပါးသည့် ကျေးလက်နေအမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းသူများခေါ်ယူပြီး နှစ်စဉ်စာတွေ့၊ လက်တွေ့စနစ်တကျဖွင့်လှစ် သင်ကြားပေးနေသည့် အကြောင်းတို့ကို လည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးမှုများအပေါ် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က တစ်ပိုင်တစ်နိုင်အိမ်တွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိလို သူများအနေဖြင့် သက်ဆိုင်ရာဌာန အသီးသီးတို့နှင့် ချိတ်ဆက်ပြီး သင်တန်းများတက်ရောက်နိုင်ရေး အပြန်အလှန် ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲ ဗီဒီယိုဖိုင်ကို ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပခုက္ကူခရိုင် ပြန်/ဆက်