ပခုက္ကူ ဇူလိုင် ၃
၂၀၂၂ခုနှစ်၊ ယနေ့ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)နှင့် ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး မုန့်လုပ်နည်း သင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမူလတန်းကြိုကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သင်တန်းတွင် ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပခုက္ကူမူလတန်းကြိုကျောင်းတွင် ပညာသင်ကြားယူနေကြသော ကျောင်းသား၊ ကျောင်းသူရင်သွေးငယ်လေးများ၏မိခင်များ၊ အုပ်ထိန်းသူအမျိုးသမီးများအနေဖြင့် အားလက်ရက်အချိန်များတွင် ဓာတုဆိုးဆေးကင်းစင်ကာ ကျန်းမာရေးနှင့်ညီညွှတ်မျှတပြီး အာဟာရဓာတ်ပြည့်ဝသည့် မုန့်မျိုးစုံပြုလုပ်နည်းများကို မိမိတို့ မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများထံ ပြန်လည်မျှဝေနိုင်စေရန်၊ တစ်ပိုင်တစ်နိုင်အိမ်တွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရှာဖွေတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများက အားလူးဆနွင်းမကင်းမုန့်၊ မုန်လာဥနီဆနွင်းမကင်းမုန့်၊ နဂါးမောက်သီးကျောက်ကျောမုန့်၊ ခါကြက်ဥဆနွင်းမကင်းမုန့်ပြုလုပ်နည်း အဆင့်အဆင့်တို့ကို စာတွေ့၊ လက်တွေ့စနစ်တကျ သရုပ်ပြသင်ကြားပို့ချပေးကြရာ ပခုက္ကူမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်လေးများ၏ မိခင်များနှင့်အုပ်ထိန်းအမျိုးသမီးများက လက်တွေ့ပြုလုပ် ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)