မြိတ် ဇူလိုင် ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ (၄၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက်(၉)နာရီက စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပသည်။
ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က စေတီတော်သြဝါဒစရိယ ဘဒ္ဒန္တပညိန္ဒာစာရ ရွှေကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကိန်းဝပ်စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဧည့်ပရိတ်သတ်အပေါင်းတို့က ဝါဆိုသင်္ကန်း ကပ်လှူဒါန်းခဲ့ကြပြီး သီလရှင်များအား သီလရှင်ဝတ်စုံများ ကပ်လှူကြသည်။
ဆက်လက်၍ စေတီတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ကန်သာကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားများနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသာသနာ့အဓိဋ္ဌာန် (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး